Thursday, August 9, 2018

“ဘယ် နံပတ်(8) အကောင်းဆုံးလဲ”


Zawgyi

ဘောလုံးလောကမှာ ကျောနံပတ်တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲ ဝတ်ဆင်တဲ့ ကစားသမားတွေရှိပါတယ်။ ဒီကစားသမားတွေကိုလည်း ပရိတ်သတ်တွေက အမြဲ မှတ်မိတတ်ကြပါတယ်။ တချို့ကစားသမားတွေဆိုရင်လည်း ကျောနံပတ်အပေါ် အစွဲကြီးကြီးမားမားရှိကြပြီး ဝတ်ဆင်နေကျ ကျောနံပတ်မဟုတ်ရင် ကွင်းထဲမှာ ကစားရတာ သက်သောင့်သက်သာမရှိဘူးလို့ ယူဆကြတဲ့ ကစားသမားတွေ ဒုနဲ့ဒေးပါ။ ဒီထဲမှာ နာမည်ကျော်ကစားသမားတွေလည်း များစွာပါဝင်ပြီး စီရော်နာဒိုလိုကစားသမားမျိုးက သက်သေပါပဲ။ သူဝတ်ဆင်တဲ့ကျောနံပတ်ကို Brandတစ်ခုလို တည်ဆောက်ထားပြီး CR7အမှတ်တံဆိပ်ကို မူပိုင်ခွင့်ယူထားသူပါ။ နာမည်ကြီးကစားသမားတွေအများဆုံးဝတ်ဆင်တဲ့ ကျောနံပတ်ဟာ နံပတ်(7)နှင့် နံပတ်(10)ဖြစ်ပြီး ဒီကျောနံပတ်ကိုဝတ်ဆင်တဲ့ ကစားသမားတွေဟာ အသင်းရဲ့ Key Playerတွေဆိုရင်လည်းမမှားပါဘူး။ ဒါပေမဲ့ တကယ်တော့ ကျောနံပတ် (8)ကလည်း အရေးကြီးတဲ့နေရာမှာပါဝင်ပါတယ်။ နံပတ်(8) Roleတွေဟာ အသင်းအတွက် ဂိုးရနိုင်မယ့်နေရာလွတ်တွေကို ဖန်တီးယူရပြီး လိုအပ်ရင်ဂိုးသွင်းယူဖို့ပါတာဝန်ယူရသူတွေပါ။  ဒီထဲမှာမှ ကျောနံပတ်(8) ဝတ်ဆင်ပြီးကစားခဲ့တဲ့ နာမည်ကျော်ကစားသမားအချို့ကိုဖော်ပြလိုက်ပါတယ်။

ဂျူနင်ဟို (လိုင်ယွန်)

ဖရီးကစ်နဲ့ပတ်သတ်ရင် ဂျူနင်ဟိုက ဆရာတစ်ဆူပါပဲ။ အလွတ်တည်ကန်ဘောတွေကနေ ဂိုးဘယ်လိုသွင်းရမယ်ဆိုတာ အလိုလိုသိတဲ့သူဆိုရင်လည်း မမှားပါဘူး။ ဒီဘရာဇီးလ်သားဟာ (2001)ခုနှစ်မှာ လိုင်ယွန်အသင်းကိုရောက်ရှိခဲ့ပြီး အသင်းအတွက် ဂိုး(100) သွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ Vision၊ Passing Skill တွေက အသင်းရဲ့ ကစားကွက်ဖော်ဆောင်ရာမှာ အဓိကနေရာမှာပါဝင်ခဲ့ပြီး နံပတ်(၈)ဝတ်ဆင်ကစားပြီး ဖရီးကစ်ကနေ ဂိုးသွင်းတတ်သူအဖြစ် ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြုခြင်းခံရသူလည်း ဖြစ်ပါတယ်။

ဂတ်တူဆို(အေစီမီလန်)

အေစီမီလန်ခေတ်ကောင်းစဉ်က ဘောလုံးလူကြမ်းကြီး ဂတ်တူဆိုရဲ့ ကစားဟန်တွေကို ပရိတ်သတ်တွေ လွယ်လွယ်နဲ့ မေ့ကြမယ်လို့ မထင်ပါဘူး။ တစ်ချိန်က လူကြမ်းကြီး ဂတ်တူဆိုဟာ လက်ရှိအချိန်မှာတော့ ကစားသမားဘဝကအသင်းဖြစ်တဲ့ အေစီမီလန်ကို နည်းပြအဖြစ်နဲ့တာဝန်ယူကိုင်တွယ်နေပါပြီ။ ဂတ်တူဆိုရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်ကြောင့် ပြိုင်ဘက်တွေရှိန်ခဲ့ကြပြီး အေစီမီလန်အသင်းမှာရော အီတလီအသင်းမှာပါ ပီယာလိုနဲ့တွဲဖက်ပြီး သမိုင်းဝင်အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ ဂတ်တူဆိုဟာ အီတလီအသင်းအတွက် (2006)ကမ္ဘာ့ဖလားဆုကိုရယူပေးခဲ့သလို အေစီမီလန်အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလား၊ စီးရီးအေ၊ကိုပါအီတလီယာ၊ ယူအီအက်ဖ်အေစူပါဖလား အစရှိတဲ့ ဆုဖလားပေါင်းများစွာကို သိမ်းပိုက်ခဲ့ပြီး ကျောနံပတ် (8) ဝတ်ဆင်ကစားတဲ့ ကမ္ဘာ့ထိပ်တန်း Defensive Midfielder တစ်ဦးအဖြစ်အသိအမှတ်ပြုခံထားရသူဖြစ်ပါတယ်။

လမ်းပတ် ( ချဲလ်ဆီး)

ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တစ်ဦးပါ။ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကို (၂၀၀၁)ခုနှစ်ကစရောက်ခဲ့ပြီး (13)နှစ်ကြာကစားပေးခဲ့သူလည်းဖြစ်ပါတယ်။ လမ်းပတ်အကြောင်းပြောရင် သူဟာ ချဲလ်ဆီးအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမား၊ ဂိုးသွင်းအများဆုံးကွင်းလယ်ကစားသမား၊ ဂိုးဖန်တီးမှု ဒုတိယမြောက်အများဆုံးကစားသမား စတဲ့ ဂုဏ်ပုဒ်တွေကိုထည့်ပြောရပါလိမ့်မယ်။ လမ်းပတ်ဟာ နံပတ်(8) Roleရဲ့ စံနမူနာကစားသမားလို့တောင် ညွှန်းဆိုရမှာဖြစ်ပြီး နေရာလွတ်တွေကို ရှာဖွေအသုံးချနိုင်မှု၊ ဘောလုံးအမြင်ကောင်းမွန်မှုနဲ့ တိုက်စစ်မှုးတစ်ဦးလို တိကျတဲ့ ဂိုးသွင်းယူမှုတွေက ချီးကျူးစရာပါ။ ပင်နယ်တီဧရိယာထိပ်က အဝေးကန်ချက်တွေက သူ့ရဲ့ Trade Markလို့ပြောရမှာဖြစ်ပြိး ချဲလ်ဆီးအသင်းကို အောင်မြင်မှုလမ်းမပေါ်ရောက်အောင် တင်ပေးခဲ့သူဆိုရင်လည်း မမှားပါဘူး။

စတီဗင်ဂျရတ် (လီဗာပူလ်း)

မာဆေးဆိုဒ်မှာမွေးဖွားခဲ့တဲ့ ဂျရတ်ဟာ စီနီယာကစားသမားဘဝအစကို (1998)မှာ အစပြုခဲ့ပြီး လီဗာပူလ်းအသင်းအတွက် (၁၇)နှစ်ကြာအလုပ်အကျွေးပြုခဲ့သူလည်း ဖြစ်ပါတယ်။ ဂျရတ်အတွက် အမှတ်တရအဖြစ်ဆုံးဖြစ်ရပ်ကတော့ (2005) အစ္စတန်ဘူညချမ်းဖြစ်ပြီး အသင်းသုံးဂိုးပြတ်ရှုံးနေရာကနေ သူရဲ့ ဦးဆောင်မှုနဲ့ ပြန်အနိုင်ရခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ပုံက ဂျရတ်ရဲ့ ဦးဆောင်နိုင်စွမ်းကို ထင်ဟပ်စေပါတယ်။ ကွင်းလယ်မှာ နေရာစုံကစားနိုင်ရုံမက နောက်ချန်တိုက်စစ်မှုး၊ ညာတောင်ပံ၊ ညာခံစစ်အစွန်လူ စတဲ့နေရာမျိုးစုံမှာပါ အံဝင်အောင်ကစားနိုင်တာကြောင့် နည်းစနစ်ပိုင်းတန်ဖိုးမြင့်ပြီး စိတ်ဓာတ်မာကျောတဲ့ နံပတ် (8)ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံရသူဖြစ်ပါတယ်။

အင်နီယေစတာ (ဘာစီလိုနာ)

ဘောလုံးကိုဦးနှောက်နဲ့ ကစားတတ်သူကိုပြပါဆိုရင် အင်နီယေစတာကိုပဲ ညွှန်ပြရပါလိမ့်မယ်။ မှော်ဆန်တဲ့ကစားဟန်၊ ဘောလုံးကျွမ်းကျင်မှုတွေက သူရဲ့ အဓိကလက်နက်ဖြစ်ပြီး ပွဲတစ်ပွဲအခြေအနေကို အချိန်တိုအတွင်းဖတ်နိုင်တဲ့သူလည်းဖြစ်ပါတယ်။ စပိန်အသင်း၊ ဘာစီလိုနာအသင်းတို့မှာ တီကီတာကာခေတ်တစ်ခေတ်ကို တည်ထောင်ခဲ့သူတွေထဲကတစ်ဦးဖြစ်ပြီး သူရဲ့ ပါရမီ၊ ပင်ကိုယ်ဘောလုံးစွမ်းရည်တွေကြောင့် အင်နီယေစတာဆီက ဘောလုံးလုယူဖို့ ခက်ခဲပါတယ်။ ဒီနေ့ခေတ် Attacking Midfielerတွေထဲက အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး နံပတ်(8)ဂျာစီဝတ်ကစားသမားတွေထဲမှာ အမြင့်ဆုံးအောင်မြင်မှုတွေ ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ယွန်းဘတ် (အာဆင်နယ်)

ယွန်းဘတ်ရဲ့ ကစားဟန်ကိုမြင်ဖူးတဲ့သူတိုင်း သူ့ကို မကြိုက်တဲ့သူမရှိပါဘူး။ ယွန်းဘတ်ဟာ အာဆင်နယ်အသင်းရဲ့ (2000-06)အောင်မြင်မှုတွေထဲမှာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ ယွန်းဘတ်ဟာ versatility ဖြစ်တဲ့ Playerဖြစ်ပြီး တောင်ပံနှစ်ဖက်လုံးရော ကွင်းလယ်တိုက်စစ်မှာပါ အကောင်းဆုံးကစားနိုင်သူဖြစ်ပါတယ်။ ယွန်းဘတ်ဟာ အာဆင်နယ်အသင်းရဲ့ ထာဝရအကြီးကျယ်ဆုံးကစားသမားစာရင်းမှာ  နံပတ်(11)နေရာမှာရပ်တည်နေတဲ့သူလည်းဖြစ်ပါတယ်။

ဖော်ပြပါကစားသမားတွေဟာ ကျောနံပတ်(8)ဝတ်ဆင်ကစားပြီး အသင်းအတွက်ကျရာနေရာကနေ အကောင်းဆုံးစွမ်းဆောင်ပြခဲ့တဲ့ ကစားသမားတွေဖြစ်ပါတယ်။ သက်ဆိုင်ရာအသင်းတွေရဲ့ နံပတ် (8) Role Modelအဖြစ်လည်း စံနမူနာထားခံရတဲ့သူတွေပါ။ နံပတ်(8) ဂျာစီကိုသာစွဲစွဲမြဲမြဲဝတ်ဆင်ပြီး ဘောလုံးဇာတ်ခုံပေါ်မှာ Trade Markဖြစ်ခဲ့တဲ့သူတွေဆိုရင်လည်းမမှားပါဘူး။

No comments:

Post a Comment